လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၀၁ ခု ဖေဖော်ဝါရီမှာ ကျွန်တော်လိုက်ပါလာတဲ့ လေယာဉ်ကြီး၊ စင်္ကာပူ ချန်ဂီလေဆိပ်ကို ဆိုက်ရောက်ပြီးသကာလ။ ကြီးကျယ် ခန်းနားတဲ့ လေဆိပ်ကြီး၊ လိုချင်စရာတွေပြထားတဲ့ ဆိုင်တွေ၊ အရောင်စုံ၊ အသွေးစုံ လှုပ်ရှားနေတဲ့လူတွေ သွားလာလှုပ်ရှားသက်ဝင်နေကြသည်။
အလုပ်ခေါ်စာနဲ့ ပတ်စ်ပို့ကို ကိုင်ထားတဲ့ လက်တွေ မြဲမြံနေသယောင်နဲ့ အနည်းငယ်တုန်ရီနေတာ သတိထားမိလေသည်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာ မရောက်ခင်၊ ခေါ်စာကသေချာရဲ့လား၊ ဘယ်သူလာကြိုမှာလဲ၊ ဝင်မရရင်တော့ ဒုက္ခရောက်ပြီလို့ စဉ်းစားရင်း တော်တော်လေး စိတ်လှုပ်ရှားမိတာ အမှန်။ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါပဲလေ။ လူတန်းစေ့နေနိုင်တဲ့ မိသားစုဘဝကို ရောက်အောင်၊ လိုချင်တဲ့ ပညာတွေထပ်ရှာရအောင် ဆိုတဲ့ အတွေးတွေကြောင့် အနည်းငယ် နေသာထိုင်သာ ရှိသွားခဲ့ပါတယ်။
တစ်ခရီးတည်း လိုက်ပါလာတဲ့ ကိုရွှေမြန်မာတစ်ယောက်က Immigration ကောင်တာကိုတွေ့အောင် ခေါ်သွားပေးရင်း …
“ ခင်ဗျားကို ဘယ်သူလာကြိုမှာလဲ ’’
“ စက်ရုံကလူ လာကြိုမယ်လို့တော့ ပြောတယ်၊ ကျွန်တော်ဆီကို အလုပ်ခန့်စာတော့ Fax နဲ့ ပို့ပေးထားတယ် ’’
“ ဒါဆို .. ခင်ဗျားဒီက စောင့်နေ၊ သူတို့လာရင် လွယ်လွယ်တွေ့အောင်လို့ ’’
“ ဟုတ်ကဲ့ … ကျေးဇူးပါဗျာ ’’
ခရီးအတူတူ နှင်လာကြတဲ့သူတွေထဲက ဝင်တဲ့သူက ဝင်သွားကြသည်။ တန်းစီတဲ့သူတွေက တန်းစီနေတုန်း။ ကျွန်တော်လည်း ဘယ်သူများ လာခေါ်မလဲ စောင့်နေတာပေါ့။ မိနစ် ၃၀ လောက်အကြာ ကောင်တာကြည့်လိုက်တော့ တာဝန်ကျ officer တွေကလွဲလို့ဘယ်သူမှ မရှိတော့ဘူး။ ကိုရွှေပြောခဲ့တဲ့ နေရာမှာ ကျွန်တော်ရပ်စောင့်နေတာက ကောင်တာတွေရှေ့က ကွက်လပ်ကျယ်ကြီးရဲ့ အလယ်။ အရောင်ဖျော့နေသော ကျောပိုးအိတ် တစ်လုံး၊ စားစရာထည့်ထားတဲ့ မြွေအရေခွံအိတ်၊ ကွဲမှာစိုးလို့ လက်မှာစွဲထားတဲ့ ဘဲဥအိတ်၊ နောက်တစ်ဖက်မှာ စာရွက်ဖြူဖြူ တစ်ရွက်ကို ကိုင်ထားပြီး ရပ်နေတဲ့လူတစ်ယောက်ကို အထူးအဆန်းသဖွယ် ကြည့်နေကြသည်။ တချို့ officer ဆို သေချာ စိုက်ကြည့်နေပါ၏။ ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ ဆိုတဲ့အတိုင်း ရင်ထဲ စိုးရိမ်နေပေမယ့် ခေါ်စာကို ဟန်ပါပါနဲ့ အနီးကြည့်၊ အဝေးကြည့် ဖတ်နေပါတော့တယ်။
အဲသည်လို လုပ်ပြနေတော့ တာဝန်ကျဝန်ထမ်း တစ်ယောက်က လက်ပြခေါ်တော့တာပဲ။ ဒီစာရွက်ပြလိုက်ရင် ငါ့ကို ပေးဝင်ခိုင်းမှာလို့ ထင်ပြီး ရှိတဲ့ပစ္စည်း အကုန်ထားကာ ရင်ကိုကော့ပြီး ယုံကြည်မှုအပြည့်နဲ့ ကောင်တာဆီ သွားခဲ့တာပေါ့။
Officer က ဘာမှ မမေးတော့ဘဲ … “ စာရွက်ပြပါ ’’
“ ဒီမှာ အလုပ်ခေါ်ကြောင်း စာပါ ’’ စာရွက်ထဲက အမည်၊ passport နံပါတ်၊ မွေးသက္ကရာဇ်တို့ကို passport နဲ့ သေချာတိုက်ကြည့်ပြီး သူတို့ အချင်းချင်း အင်္ဂံလိပ်လို ပြောနေကြတယ်။ ကျွန်တော်လည်း လုံးစေ့ပတ်စေ့ နားမလည်ပေမယ့် နားလည်ချင်ယောင်ဆောင်ပြီး လေသံအလိုက် ပြုံးပြ၊ ခေါင်းလှည့်ပြ လုပ်နေတာပေါ့။ Officer မျက်စိစပါးမွှေး ဆူးလို့လားတော့မသိဘူး။
“ Original ပြပါ ’’ လို့ လေသံ ခပ်မာမာနဲ့တောင်းပါတယ်။ စင်္ကာပူကပို့တဲ့စာက ဒီတစ်စောင်ပဲရှိတာကို သူတို့ မသိတာဘဲ ထင်ပြီး မှုန်ကုတ်ကုတ် မျက်နှာနဲ့ “ wait ’’ …
ကျောပိုးအိတ်ထဲက အခြားစာရွက်တွေ သိမ်းထားတဲ့ ဖိုင်ကိုသွားယူတာပေါ့။ ဖိုင်ထဲ ရှိသမျှစာရွက်တွေကို မွှေနှောက်နေတော့ အခြားကောင်တာက သူတွေပါ စိတ်ဝင်တစား ကြည့်နေကြတယ်။ အိတ်ထဲရှိတာ စာရွက်က နှစ်ရွက်။ ပို့ထားတဲ့ခေါ်စာ original စာရွက်နဲ့ passport လုပ်တော့ရထားတဲ့ ပုံစံ ၁၉။
အဲဒီထဲက တစ်ရွက်ကို ထုတ်ပြီး ဟန်အပြည့်နဲ့ ပေးလိုက်ရင်း …
“ ဒီမှာ original ပါ ’’
ဟုတ်တယ်လေ။ ကျွန်တော့်ရှိတဲ့ original ကို သူတို့ပြောတဲ့ စကား နားလည်ကြောင်းသိအောင် ပေးလိုက်တာပေါ့။ စာရွက်ကို ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန်ရှာဖွေပြီး၊ အသားမည်းမည်း၊ ဝဝတုတ်တုတ်၊ ရုပ်ဆိုးဆိုး မိန်းမကြီးရဲ့ မျက်မှန်ကိုကျော်ပြီး စိုက်ကြည့်တဲ့ ဒါဏ်ကိုခံရပါတော့တယ်။ ပေးလိုက်မိတဲ့ စာရွက်ပုံစံ ၁၉ ကို ထောင်ပြမှ ကြက်သီးတွေထလာရင်း မချိပြံးလုပ်ပြတော့ အခြားသူတွေပါ ဟားတိုက်ရယ်မောပြီး ဂုဏ်ပြုကြတာ သောသောညံပဲ။
ကျွန်တော်လည်း ဇဝေဇဝါ ဖြစ်နေတုန်း နောက်ကနေ ပခုံးကိုထိတာကြောင့် လှည့်ကြည့်တော့ ကျွန်တော်ကို စင်္ကာပူကျွန်းမှာ အကျယ်ချုပ်ချမယ့် ပုဂ္ဂိုလ်တစ်ယောက် သေချာကြည့်နေပါတော့တယ်။ ပြီးမှ သူ့လက်ကကိုင်ထားတဲ့ အစိမ်းရောင် စာရွက်ကို လက်ညှိုးထိုးပြီး …
“ ဒါ မင်းအမည်လား ’’
“ ဟုတ်တယ် … အဲဒါ ငါ့နာမည် ’’ ဆိုတော့ ကောင်တာထဲက မိန်းမကြီးဆီ သွားပေးလိုက်ပါတယ်။ ချက်ချင်း တိတ်ဆိတ်သွားပြီး သူတို့အလုပ် သူတို့လုပ်နေကြတာ မန်နေဂျာရှေ့က စာရင်းကိုင်တွေလိုပဲ။ သေချာတယ်၊ သပ်ရပ်တယ်၊ စည်းကမ်းရှိတယ် ဆိုတာတွေကို immigration အဝမှာတင် တွေ့လိုက်ရပါတယ်။ အားလုံး အဆင်ပြေ ချောမွေ့ပြီး ဝင်လိုက်တဲ့အချိန် ကျွန်တော့်မျက်စိထဲ အလွန်လှသွားတဲ့ မိန်းမကြီးက “ စင်္ကာပူမှာ ပျော်ရွှင်ပါစေ ’’ လို့ နှုတ်ခွန်းဆက်သံကို ကြားလိုက်မိရင်း အခုချိန်ထိ မပျော်လည်း ပျော်၊ ပျော်လည်း ပျော်နေရကြောင်းပါခင်ဗျာ။